International News

စင်ကာပူနိုင်ငံ၏ ပြည်တွင်းခရီးသွားစျေးကွက်မြှင့်တင်ရန်အတွက် စင်ကာပူဒေါ်လာ ၄၅ သန်း သုံး စွဲရန်လျာထား

Last Updated:

စင်ကာပူနိုင်ငံ ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာနအောက်ရှိ စင်ကာပူခရီးသွားလုပ်ငန်းဘုတ်အဖွဲ့ (Singapore Tourism Board - STB) သည် ပြည်တွင်း ခရီးသွား လုပ်ငန်းများကို အထောက်အကူပြုနိုင်ရန်အတွက် စင်ကာပူတွင် နေထိုင်သူများအား စင်ကာပူရှိ ထူးခြားသောနေရာများသို့ ပြန်လည်၍ လည်ပတ်သွားလာကြစေရန် "SingapoRediscovers" ဟု အမည်ပေးထားသော ပြည်တွင်းခရီးသွားစျေးကွက်မြှင့်တင်ရေးလှုပ်ရှားမှုတစ်ခုကို စတင်မည်ဖြစ်ကြောင်းနှင့် အဆိုပါလှုပ်ရှားမှုအတွက် စင်ကာပူဒေါ်လာ ၄၅ သန်းကို သုံးစွဲသွားရန်လျာထားကြောင်း ၂၂ - ၇ - ၂၀၂၀ ရက်တွင် သတင်းထုတ်ပြန်ခဲ့ပါသည်။

အဆိုပါလျာထားချက်မှာ စင်ကာပူ၏ ပြည်တွင်းစျေးကွက်မြှင့်တင်နိုင်ရန်အတွက် အများဆုံး သုံးစွဲမှုတစ်ခုဖြစ်ကြောင်းနှင့် ကိုဗစ် ၁၉ ကပ်ရောဂါကြောင့် ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ဖွဲ့စည်းခဲ့သော "ခရီးသွားလုပ်ငန်းပြန်လည်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းအဖွဲ့" ၏ ကြိုးပမ်းဆောင်ရွက်ချက် ဖြစ်ကြောင်း၊ အဓိကအားဖြင့် ပြည်တွင်း၌ နေထိုင်သူများက တိမ်မြှုပ်နေသောအဖိုးတန်နေရာ များကို လေ့လာကြည့်ရှုနိုင်ရေးအတွက် လူမှုအသိုင်းအဝိုင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ စစ်မှန်သောအတွေ့အကြုံ များရရှိနိုင်သောခရီးစဉ်များကို ဖော်ထုတ်ပေးခြင်းနှင့် ဆွဲဆောင်မှုရှိသော စျေးကွက်မြှင့်တင်ရေးအစီအစဉ်တို့ဖြင့် ဆောင်ရွက်သွားနိုင်ရန်အတွက် ဟိုတယ်၊ ခရီးသွား အေဂျင်စီ၊ ခရီးသည်ဆွဲဆောင်သည့်လုပ်ငန်းများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထို့ပြင် ယခင်ကတည်းက ဆောင်ရွက်ပေးနေသော "Marketing Partnership Programme" နှင့် "SG Stories Content Fund" စသည့် စျေးကွက်မြှင့်တင်ရေးပံ့ပိုးမှု အစီအစဉ်တို့ဖြင့်လည်း ထောက်ပံ့ ကူညီပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

ကိုဗစ် ၁၉ ကြောင့် ခရီးသည်များ၏ ယုံကြည်မှုနှင့် နိုင်ငံတကာခရီးသွားလာမှုသည် ပြန်လည်နာလန်ထူလာရန်မှာ အချိန်ကာလတစ်ခုအထိ ကြာမြင့်နိုင်သောကြောင့် ပြည်တွင်းခရီးသွားလာရေးကဏ္ဍကို ထိန်းသိမ်းထားနိုင်ရန် အစိုးရ၊ လူမှုရေးအဖွဲ့အစည်း၊ လုပ်ငန်းများနှင့် နိုင်ငံသားတို့မှ ပေါင်းစည်းကြိုးပမ်းသွားရန် လိုအပ်မည် ဖြစ်ပါကြောင်း၊ ဤစျေးကွက်မြှင့်တင်ရေး လှုပ်ရှားမှုမှတစ်ဆင့် စင်ကာပူနိုင်ငံသားများအနေဖြင့် ကိုယ့်နိုင်ငံကို ပြန်လည်စူးစမ်းလေ့လာ နိုင်မည်ဖြစ်ပြီး ပြည်တွင်း ခရီးသွားလုပ်ငန်းများ ရပ်တည်နိုင်ရေးအတွက် ကူညီပံပိုးသွားနိုင်မည် ဖြစ်ကြောင်း STB ၏ အမှုဆောင်အရာရှိချုပ် Mr Keith Tan က တိုက်တွန်းပြောကြားပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ စင်ကာပူနိုင်ငံ)

သတင်းရင်းမြစ် ။    ။ Singapore Tourism Board

Category: International News